the-question-changed.mdx

AI ကို သုံးမယ်၊ မသုံးဘူး ဆိုတာ မဟုတ်တော့ဘူး

သူ့ရဲ့ နောက်ကြောင်း ပြန်လှန်နိုင်စွမ်းက အိမ်က မိန်းမလောက် နီးနီးပဲ

AI ကို သုံးသင့်/မသုံးသင့် ဆိုတဲ့ မေးခွန်းက မသက်ဆိုင်တော့ဘူး။ ဘယ်လို သုံးမလဲ ဆိုတာပဲ ကျန်တော့တယ်။

အရင်က တော့ အင်တင်ဖြစ်သေးတယ်။ AI ရေးတဲ့ ကုဒ်တွေကို သိပ်မယုံရဘူး။ ဒါပေမယ့် ဒီနှစ်ဆန်းလောက်မှာ မြင်ကွင်းက လုံးဝ ပြောင်းသွားတယ်။ ငြင်းလို့ မရတော့ဘူး။

လောလောဆယ်တော့ Claude နဲ့ အဆင်ပြေဆုံး ဖြစ်နေတယ်။ Token သုံးတာ များတာ မှန်ပေမယ့် သူ့ရဲ့ နောက်ကြောင်း ပြန်လှန်နိုင်စွမ်းက အိမ်က မိန်းမလောက် နီးနီးပဲ။

လောလောဆယ်တော့ CLI ထက် VScode ရဲ့ Extension အနေနဲ့ပဲ သုံးဖြစ်နေသေးတယ်။ Chat သဘောမျိုးပေါ့။ ဒါပေမယ့် တခြား Chat တွေထက် သူက လိုတာကို ဆွဲဖတ်နိုင်တယ်။ File တွေ၊ Function တွေ၊ project folder တစ်ခုလုံးကို သူ့ဘာသာသူ ရှာဖတ်ပြီး ဘာလုပ်ရမလဲ ဆုံးဖြတ်တယ်။ နောက်ပြိးတော့ ဒီဘဲတွေ တစ်ရက် တစ်ခါလောက် ဗားရှင်း အသစ် ထုတ်နေတဲ့ ပုံပဲ။ နေ့တိုင်းလိုလို Extension ဗားရှင်း အသစ် ဖြစ်သွားလို့ restart လုပ်ပါဆိုပြီး လာလာ ပေါ်တယ်။

ကိုယ့်ရဲ့ လုပ်ပုံကိုင်ပုံ ပြောင်းသွားတာတော့ အမှန်ပဲ။ အရင်က ၂ ပတ်လောက် ကြာတဲ့ အလုပ်တွေက ၁၀ မိနစ်လောက်နဲ့ ပြီးလာတယ်။

ဒီ ဆိုဒ်အတွက် design system ကို ရေးတာ တစ်ညထဲနဲ့ ပြီးသွားတယ်။ အရင် project တွေမှာ ဆိုရင် Color palette ရွေးတာ၊ Typography ရွေးတာ၊ Component တွေ ရေးတာ၊ ဒါတွေ အကုန်လုံးကို လုပ်ရတာ အနည်းဆုံး ၂ ပတ်၊ ၃ ပတ် ကြာတတ်တယ်။ အခုက Font ရွေးတာကအစ၊ palette ပြင်တာ၊ Aesthetic ကို ရှင်းပြတာ အကုန် တစ်ထိုင်တည်းနဲ့ ပြီးသွားတယ်။ ကိုယ်တိုင် တစ်ယောက်ထဲ ဒီလို လုပ်နိုင်မလား ဆိုတာ မေးရင် မလုပ်နိုင်ဘူးလို့ ပြောရမှာပဲ။

AI ကို မသုံးသင့်ဘူးလို့ ငြင်းနေလို့ မရတော့ဘူး။ AI ကို အကျိုးရှိအောင်၊ အကုန်အကျ သက်သာအောင် ဘယ်လို သုံးမလဲ ဆိုတာမျိုး ဖြစ်လာတယ်။ Token တစ်ခု တန်ဖိုးရှိအောင် ဘယ်လို မေးမလဲ။ ဘယ်အလုပ်ကို AI က လုပ်သင့်ပြီး၊ ဘယ်အလုပ်ကို ကိုယ်တိုင် လုပ်သင့်သလဲ။ ကိုယ့်ရဲ့ context ကို ဘယ်လို ဆွဲထားရမလဲ။ မေးခွန်းတွေက တခြားဘက် ပြောင်းသွားတယ်။

ဒီ ဆိုဒ်ကို Claude နဲ့ တူတူ အစီအစဉ်ချပြီး သူ့ကိုပဲ ရေးခိုင်းတာပါပဲ။ ဟိုနားလေး ပြင်မယ် ဒီနားလေး ပြင်မယ်တို့ဘာတို့တော့ လုပ်ရသေးတယ်။